စာကျက်ဟဲ့ ပေကပ်ရဲ့ စာကျက်” ဒါကတော့ ကျုပ်ကို အမေနဲ့ အစ်မက အမြဲပြောတဲ့ စကား ကျုပ်နာမယ် ဇော်ကြီး ဒါပေမဲ့ ဘယ်သူမှ ရွာမှာ ဇော်ကြီးလို့ မခေါ်ဘူး ပေကပ်လို့ခေါ် ရင်ခေါ် မခေါ်ရင် ကျုပ်ကိုရင်ဝတ်တော့ ဆရာတော်က ပေးတဲ့ ဘွဲ့ (စောစောစီးစီး ဘွဲ့ ရပြီးသား) က၀ိပီယ လို့ခေါ်တယ် ။ချစ်ဖွယ်သောပညာရှိ ဒါကျုပ်ဟာကျုပ် အနက်ပြန်တာ ။ အမေနဲ့အစ်မက ပြောလဲပြောစရာ ကျုပ်ငယ်ငယ်က တော်တော်ထုံပေပေ ဂျစ်ကပ်ကပ် စာကျက်ခိုင်းရင် ဘယ်တော့မှ မကျက်ဘူး ကျုပ်တို့ရွာနဲ့ကျောင်းက တော်တော်ဝေးတယ် ကျုပ်အစ်မက ကျောင်းသွားရင် ရွာကလူတွေနဲ့စုပြီး လှည်းနဲ့သွားတယ် ကျုပ်ဘယ်တော့မှမ လိုက်ဘူး ဒါပေမဲ့ ကျောင်းကို ကျုပ်အရင်ဆုံးရောက်တယ် အဲ ကျောင်းထဲကို ခြေဆေးပြီးဝင် ရတာလဲ တစ်ကျောင်းလုံး ကျုပ်တစ်ယောက်တည်းရှိတယ် (အဟီး) ။
ကျုပ်ကို ဆရာ၊ဆရာမတွေကတော့ ချစ်ကြတယ်ဗျ ကျုပ်ကြောက်တာဆိုလို့ ကျုပ်တို့အ တန်းပိုင်ဆရာမ ဒေါ်မင်းဖြူနဲ့ ကျုပ်အဖေပဲ။ ဆရာမ ဒေါ်မင်းဖြူဆိုတာ နယ်နယ်ရရမဟုတ်ဘူး နားရွက်ကို ပေတန်စောင်းနဲ့ လှီးတာ။ ရိုးရိုးမရိုက်ဘူး။ အဖေကတော့ ကျုပ်အကြောကိုသိတယ် ပါးစပ်နဲ့မပြောဘူး ခြေထောက်နဲ့ပဲပြောတယ်။ကျုပ်ကြောက်တာ ဒီ၂ ယောက်တည်းရယ်။
ကျုပ်က အချိန်ပိုင်းကျောင်းသားဘ၀ နဲ့တော်တော်အကျိုးပေးတာ ရွာဦးကျောင်းမှာ ယံမင်္ဂလံ စသင်ကတည်းက အချိန်ပိုင်းဘုန်းကြီးကျောင်းသားဖြစ်နေပြီ။ မနက်ပိုင်းဆွမ်းခံပြီး ပါမစ်နစ်(အချိန်ပြည့်)ကျောင်းသားတွေမစားခင် ကျုပ်ကစားပြီးပြီ။ ကျုပ်လွယ်အိပ်ဆွဲ အတန်း ကျောင်းတက်ဖို့လုပ်တော့ ထားဝယ်ဦးဇင်းက မုန့်ဖိုးတစ်ကျပ်ပေးတယ်။ တစ်ခါတစ်လေ ဦးဇင်းက မေ့နေလို့ ကျုပ်အဟမ်း အဟမ်းလုပ်ရတာ လည်ချောင်းတောင်နာတယ်။
အိမ်အကြောင်းပြောရအုံးမယ် ကျုပ်တို့အိမ်နဲ့ ဘုန်းကြီးကျောင်းက ကပ်ကပ်လေး အိမ်ကရိုက်ရင် ကျောင်းကိုပြေးတယ် ကျောင်းကရိုက်ရင် အိမ်ကိုပြေးတယ် (အဟေး) ။ရွာထဲဆွမ်းခံပြီး ပြန်ရင် ကောင်းပေ့ဆိုတဲ့ ဟင်းကို ဘုရားဆွမ်းတော်တင်တယ် ပြီးရင် ဘုန်းကြီးကျောင်းသားတွေ အလှည့်ကျစွန့်ပြီးစားရတယ် ဟင်းကောင်းကိုး။ သြော်ဝင်း နိုင်နဲ့ တင်သိန်း ၀င်းနိုင်နဲ့ တင်သိန်း မှတ်မိပါသေးတယ် ဒင်းတို့ ကျုပ်ကို အချိန်ပိုင်းကျောင်းသားမို့ ပေးမစွန့်ဘူး ။ဆရာတော်မသိဘူး ကျုပ်တို့ ၃ ယောက် ဆွမ်းတော် လုတာကို။အခုတော့ ဒီကောင်တွေလည်း စစ်ထဲရောက်ကုန်ပါပြီ။
ကျောင်းရောက်ရင် ကျုပ်ကို ဘုန်းကြီးကျောင်းသား ဆိုပြီး ကောင်မလေးတွေ စကြတယ် ကောင်လေးတွေက အတန်းကြီးတွေတောင်မစရဲဘူး ကျုပ် ငယ်ငယ်က ခုလိုမချောဘူး မဲပြီးလုံးကျစ်နေတာ ခုကိုရီးယားရောက်မှ အသားတွေဖြူပြီး ချောလာတာ။ မြစ်နိုင်ဆိုတဲ့ ကမ္မဌာန်း ကျောင်းက ပါမစ်နစ် ကျောင်းသားရောက်လာမှ ကျုပ်လည်း အစ လွတ်တော့တယ် မြစ်နိုင်ဆိုတာ သူ့နာမယ် မြင့်နိုင်ကို သူ့ဟာသူ မြစ်နိုင်လို့ စာလုံးပေါင်းထားလို့ ကျုပ်တို့က မြစ်နိုင်လို့ခေါ်တာ။
ကျုပ်ကစာမတော်ပါဘူး စာမေးပွဲတော့ အောင်တယ်။ အတန်းထဲမှာ လူ ၇၂ ယောက် ရှိရင် ကျုပ်က အဆင့် ၇၀ ကျုပ်နောက်မှာ စာမေးပွဲမဖြေတဲ့ ကောင်ရယ် လက်ကျိုးတဲ့ကောင်ရယ်ပဲရှိ တယ်။ ကျုပ် ၈ တန်းအောင်တော့ ရည်းစားစာ ရေးတတ်နေပြီ မိကျော်ဆိုတာ ကျုပ် သောကြာနေ့တိုင်း စာပေးလို့ သောကြာနေ့တိုင်း ကျောင်းမတက်ဘူး ကျုပ်ကလည်း မရ ရအောင် ပေးတာပဲ။ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေတော့ ဟိုးငယ်ငယ်လေးကတည်းက အစပျိုးရှင်သန်ခဲ့တာပါ တို့ဆိုတာတွေဟာ ကျုပ်စာမှာ အမြဲပါတယ် ချစ်တယ်တယ်ကြိုက် တယ် တစ်လုံးမှမပါဘူး ဒါကြောင့် ကျုပ်ကို အဖေရိုက်လို့မရခဲ့ဘူး။
ကျုပ် ၁၀ တန်းရောက်တော့ ရွာမှာ ရှားရှားပါးပါး ၄ယောက်စရင်းဝင်တယ် ကျုပ်ကိုဘယ်သူ မှ အောင်မယ်မထင်ဘူး အဲဒီတုန်းက ပြောအုံးမယ် ကျုပ်တို့ရွာကို ခွေးဖမ်းတဲ့ လူတွေလာတယ် ခွေးအနက် တရုပ်ကိုပို့မှာတဲ့ ဈေးကောင်းပေးတယ် ဘယ်ရမလဲ သတ္တ၀ါတွေအသက်ကယ်ရမှာပေါ့ ဆရာတော်ဟောထားတယ် ကျုပ် အောင်နက်ကြီးကို သေချာ ချည်ထားလိုက်တယ် ပြီးတော့ ရွာထဲရှိသမျှ ခွေး အနက်ရော အကွက်ရော အကျားရော အကုန်ဖမ်းပြီး ဆရာတော့် ကျောင်းအောက် ချည်းထားလိုက်တာပေါ့ ဆရာတော် ကျောင်းအောက်တောင် ဆင်းလို့မရလို့ အဖေ့ကို ကျောင်းပေါ်ကနေ လှမ်းအော်ရတယ်။ အဖေ ကျုပ်ကိုရိုက်မလို့ ပြေးလာတာပဲ ကျုပ်လည်း တစ်ခွန်းတည်း ပြောလိုက်တယ် အဖေ ခွေးလေးတွေ သနားပါတယ်လို့ အဖေ သက်ပြင်းချတယ်။
ခွေးဖမ်းတဲ့သူတွေလည်း ကျုပ်တို့ရွာက တစ်ကောင်မှမရလို့ တစ်ခြားရွာက ခွေးရောင်စုံတွေ ဆေးအနက်သုတ်ပြီး ခေါ်သွားရတယ် ကျုပ်မေတ္တာ ဘယ်လောက်စူးရှသလဲ ဆို လမ်းမှာ ခွေးတွေ မိုးမိပြီးတော့ ဆေးကွက်ကျားတွေနဲ့ ပြန်လွတ်လာကြတယ် ကဲ။
ကျုပ်လည်း ၁၀ တန်းဖြေပြီးတာနဲ့ ရန်ကုန်ကိုလွင့်လာတာ ဒီအကြောင်းတွေနောက်မှပဲ ပြောတော့မယ်။ ကျုပ် မိကျော်နဲ့ ဝေးဖို့ အကြောင်းဖန်လာတာလား မရွယ်ပဲ စော်ကဲမင်းဖြစ် တာလား မသိဘူး ကျုပ်တို့ရွာက ဦးဇင်း စာချကိုယ်တော် ဗဟန်းစာသင်တိုက်က ကိုယ်တော် လုပ်ပေးတာ ကျုပ် ကိုရီးယားကို ရောက်လာတာပဲ ကျုပ်လည်း ၀ါးဝါးတို့ ၀ဲဝဲတို့ရှီးရှီးတို့ ယားယား တို့ အခေါ်ခံပြီး လုပ်ခဲ့ရတယ် မကြီးပွားပဲနဲ့တော့ ငါမပြန်ဘူးလေ။
ကျုပ် ၃နှစ် ပြည့်တော့ ရွာကို ခဏပြန်ခဲ့တယ် ( အတွေ့ချင်ဆုံးက မိကျော်ပါ)။ ဆရာတော့်ကို အရင်ဝင်ဖူးတော့ ဆရာတော်က ကိုးရီးယားအကြောင်းတွေမေးတယ် ကျုပ်လည်း ကိုရီးယားတွေဟာ တရှီးရှီးနဲ့ အတော်အဆဲသန်တဲ့ ကောင်တွေပါဘုရား လို့ဆိုတော့ ဆရာတော်ခေါင်းညိတ်တယ် ပြီးတော့ ယောင်္ကျားတွေဆဲလည်းဒီစကားလုံးပဲ မိန်းမတွေဆဲလည်း ဒီစကားလုံးပဲ ဘုရား တပည့်တော်တို့ မြန်မာမှာလို မိန်းမဆဲတဲ့စကား လုံးက သတ်သတ်မရှိဘူး ဘုရားဆိုတော့ ဟေ့ကောင် မင်းဆရာတော်ကို ဘာတွေလျောက်နေ တာလဲ တဲ့ ထားဝယ်ဦးဇင်း ရွှေမျက်မှန်က ၀င် ဟန့်တယ် ကျုပ်လည်း အသာကုပ်နေရတာပေါ့ ။ဆရာတော်က "အိမ်း သည်းခံပြီးနေကြပေါ့ကွယ် " တဲ့။
အပိုင်း ၂ ဆက်ရေးပါမယ်
No comments:
Post a Comment